မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော်ကို ပထမဦးဆုံး ယူဆောင်ခဲ့သူများမှာ သုဝဏ္ဏဘူမိတိုင်း၊ အသိတဉ္စန၊ ပေါက္ခရဝတီမြို့သား၊ တပုဿနှင့်ဘလ္လိက ကုန်သည် ညီနောင်တို့ဖြစ်သည်။ အဆိုပါကုန်သည် ညီနောင်နှစ်ဦးသည် မြန်မာနိုင်ငံသုဝဏ္ဏဘူမိမှ အိန္ဒိယနိုင်ငံ၊ မဇ္စိုမဒေသသို့ကုန်ရောင်းဝယ်ရန် ရောက်လာစဉ်
ရှေးအတိတ်ဘဝက ဆွေမျိုးတော်စပ်ခဲ့သော နတ်သားက လမ်းညွှန်သဖြင့်
ဥရုဝေလာတော (ယခု-ဗုဒ္ဓဂယာ)တွင်းရှိ ''ရာဇာယတန'' မည်သော လင်းလွန်းပင်ရင်း၌
သီတင်းသုံးနေသော ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားထံ ရောက်လာကြသည်။ ဗုဒ္ဓမြတ်စွာဘုရားသည်
မဟာသက္ကရာဇ် ၁ဝ၃ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သဗ္ဓညုတညဏ်တော်ကို ရရှိ၍
ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ထိုဒေသတစ်ဝိုက်ရှိ ဌာနခုနှစ်ဌာနတွင်
တစ်ဌာနလျှင်ခုနှစ်ရက်စီ သတ္တသတ္တာဟ ကျင့်တော်မူချိန်ဖြစ်သည်။ ဤသို့ကျင့်ပြီး
(၄၉) ရက်အလွန် (၅ဝ)ရက်နေ့တွင် အဆိုပါ ''ရာဇာယတန'' မည်သော လင်းလွန်းပင်ရင်း၌
ဖလသမာပတ် (အရဟတ္တဖိုလ်) ချမ်းသာကို ခံစားတော်မူစဉ် ကုန်သည်ညီနောင်တို့
ရောက်ရှိလာပြီး အလွန်အမင်း ကြည်ညိုသဒ္ဓါ ဖြစ်ပွားလာကာ
မိမိတို့တွင်ပါရှိလာသော မုန့်ကျွပ်ကျစ်နှင့် ပျားမုန့်ဆုပ်ဆွမ်းတို့ကို ကပ်လှူကြသည်။ ထို့နောက် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသဖြင့် ဘုရားနှင့်တရားတို့ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ သရဏဂုံတည်သော ဥပသကာများ အဖြစ်သို့ ရောက်ရှိကြသည်။ ညီနောင်နှစ်ပါးသည် မြတ်စွာဘုရားအပါးမှ မခွာရက်အောင် ဖြစ်နေကြသဖြင့် မြတ်စွာဘုရားထံမှကိုးကွယ်ရာကို တောင်းခံကြသည်။ မြတ်စွာဘုရားသည် ကုန်သည်ညီနောင်ကို အကြောင်းပြု၍ မြန်မာနိုင်ငံ၏ အနာဂတ်တွင် သာသနာတော် ထွန်းလင်းလာမည့် အကြောင်းကို သိမြင်တော်မူသဖြင့် လက်ယာလက်တော်ဖြင့် ဦးသျှောင်တော်ကို သပ်တော်မူရာ လက်တော်၌ ပါလာသော ဆံတော်ရှစ်ဆူတို့ အားကိုးကွယ်ဖို့ရန် ပေးသနား တော်မူခဲ့သည်။ ထို့အပြင် ဤဆံ တော်ရှစ်ဆူတို့အား နောင်တော် ဘုရားသုံးဆူ ဖြစ်ကြကုန်သော ''ကကုသန်'' မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ''ကောဏဂုံ'' မြတ်စွာဘုရား၏ ရေသနုပ် (သင်္ကန်းတော်)၊ ''ကဿပ'' မြတ်စွာဘုရား၏ ရေစစ်တော်ဟူသော ဓာတ် တော်မွေတော် (၃)ဆူတို့ တည်ရှိရာ ဥတ္တရတိုင်း၊ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် စေတီ တည်ထားကိုးကွယ်ရန်လည်း ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့သည်။ ကုန်သည်ညီနောင်တို့သည် မြတ်စွာ ဘုရား ချီးမြင့်တော်မူလိုက်သည့် ဆံတော်ရှစ်ဆူတို့ကို ပင့်ဆောင်လျှက် မိမိတို့နေထိုင်ရာ သုဝဏ္ဏဘူမိတိုင်း အတိသဉ္စစနမြို့သို့ ပြန်လည်ရောက် ရှိပြီး ဖခင်သူဌေးကြီးမှတစ်ဆင့် ဥက္ကလာပမင်းကြီးထံ ဆံတော်မြတ် ပင့်ဆောင်လာကြောင်း လျှောက်ထား ခဲ့သည်။ ဥက္ကလာပမင်းကြီးသည် မူးမတ်သေနာပတိခြံရံပြီး ကိုယ်တော် တိုင်ထွက်၍ဆံတော်မြတ်ကို ကြိုဆိုပင့်ဆောင်ပြီး မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း နောင်တော်ဘုရားသုံးဆူတို့၏ ဓါတ်တော်မွေတော်များကိန်းဝပ်ရာ သိင်္ဂုတ္တရ ကုန်းတော်တွင် ဆံတော်ရှစ်ဆူအား ဘုရားသုံးဆူ၏ ဓာတ်တော်မြတ်များနှင့်အတူ ဌာပနာ၍ မဟာသက္ကရာဇ်၁ဝ၃ခုနှစ် တပေါင်းလ ပြည့်နေ့တွင် မြတ်ဘုရားရွှေတိဂုံကို တည်ထားတော်မူခဲ့သည်။ မြတ်ဘုရားရွှေတိဂုံ သည် ဥက္ကလာပမင်းကြီး တည်ထားစဉ် အခါက (၄၄)တောင်သာ ရှိသော်လည်း သာသနာကို မြတ်နိုးကုန်သော ဘုရားမင်း အဆက်ဆက်နှင့် ပြည်သူအဆက်ဆက်တို့၏ ပြုပြင်မွမ်းမံမှုများကြောင့် ဥာဏ်တော်အမြင့် (၃၂၆)ပေအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ရှေးမင်းနှင့် ပြည်သူအဆက်ဆက်တို့၏ ကုသိုလ်ကောင်းမှုဖြင့် လှူဒါန်းပူဇော်သည့်စိန်၊ ကျောက်၊ရွှေ၊ငွေ၊ရတနာများသည် အဖိုးမဖြတ်နိုင်လောက်အောင် အနဂ္ဂထိုက်တန်လှသည်ဖြစ်ရာ ယနေ့ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ အထွတ်အမြတ်ထားရာ ရွှေရောင်တဝင်းဝင်းဖြင့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသော စေတီတော်ကြီးတစ်ဆူ ဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသည်များ အတွက်လည်း အံ့သြဖွယ်ရာ ဗုဒ္ဓအမွေအနှစ် သာသနိက အဆောက်အအုံအဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြားလျှက် ရှိပေသည်။
မြတ်ဗုဒ္ဓနိုင်ငံတော်(၃)-လှမြင့်ဆွေ လျှပ်တစ်ပြက် ဂျာနယ်မှ ကူးယူဖော်ပြသည်။

No comments:
Post a Comment
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ တစ်ခုခုပေါ့